ကျွန်တော် ကျန်းမာစေသော အသက်ရှူ လေ့ကျင့်ခန်း
ကျွန်တော်....
ကျွန်တော်ဆိုတာ အားလုံးရဲ့ အဆုတ်လေးပါဗျ။ ကျွန်တော် ကျန်းမာနေချိန် မိတ်ဆွေတို့အတွက် အသက်ရှူရတာ ထမင်းစားရေသောက်လို ဖြစ်နေမှာပေါ့ဗျာ။ ကျွန်တော်နဲ့ ဝမ်းဗိုက်ကြားမှာရှိတဲ့ ရင်ဝမ်းခြားကြွက်သား ( diaphragm ) ရဲ့ လုပ်ဆောင်မှုဟာ အသက်ရှူခြင်း လုပ်ငန်းစဥ်မှာ 80% လောက်ထိ အရေးပါတာဗျ။
အဲ....ကျွန်တော့်မှာ ပန်းနာရင်ကြပ် နဲ့ နာတာရှည် ယောင်ယမ်းလို့ အဆုတ်ထဲ လေဝင်လေထွက် ပိတ်ဆို့ခြင်းခံရတဲ့ ရောဂါ စတာတွေ ဖြစ်လာပြီဆိုရင်တော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ ကျွန်တော့်ထဲ ဝင်လာတဲ့ လေတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် သယ်ယူပြီး ပြန်ထွက်ရမှာ ဖြစ်ပေမယ့် လမ်းကြောင်းမှာ အတားအဆီးတွေ များတော့ ကျွန်တော့်ဆီမှာ လေတစ်ချို့ သောင်တင်နေလေရဲ့။ ရင်ဝမ်းခြား ကြွက်သား ပါ ရောဂါတွေကြောင့် စွမ်းဆောင်ရည်ကျလာတော့ အသက်ရှူဖို့ရာ လည်ချောင်း ၊ နောက်ကျောနဲ့ ရင်ဘတ်မှာရှိတဲ့ အရန် ကြွက်သား တွေ အသုံးပြုလာရတာကို မောဟိုက်စွာ အသက်ရှူနေရတဲ့ ပုံစံအနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီလို အနေအထားကနေ လွတ်မြောက်ဖို့နဲ့ ကျွန်တော် ပြန်လည်ကျန်းမာစေဖို့ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ပုံမှန်သာ လုပ်သွားမယ်ဆိုရင် ကျွန်တော့မှာ သောင်တင်နေတဲ့ လေတွေ အပြင်ကို ပြန်ထွက်သွားနိုင်ရုံသာမက ရင်ဝမ်းခြားကြွက်သားလဲ အလုပ်ပုံမှန် ပြန်လည်လုပ်ဆောင်လာနိုင်မှာ ဖြစ်ပြီး အသက်ရှူရတာ ပိုမိုလွယ်ကူချောမွေ့လာစေမှာ အသေအချာပဲပေါ့ဗျာ။
အသက်ရှူ လေ့ကျင့်ခန်းပေါင်း များစွာ ရှိတဲ့အထဲကမှ American Lung association က ညွှန်းဆိုထားတဲ့ အဓိက အသက်ရှူလေ့ကျင့်ခန်း နှစ်မျိုးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
Pursed Lip breathing ( နှုတ်ခမ်းစု၍ အသက်ရှူထုတ်ခြင်း)
1. သက်တောင့်သက်သာ အနေအထားနဲ့ နေပါ။
2. ပါးစပ်ပိတ်ပြီး နှာခေါင်းကနေ လေရှူသွင်း ပါ။ လေရှူသွင်းရန် ကြာချိန်
ခန့်မှန်းခြေ ( 2 ) စက္ကန့် ကို 1, 2 ရေတွက်ပါ။
3. နှုတ်ခမ်းတွေကို လေချွန်တော့မယ့်ပုံစံ ( သို့ ) ဖယောင်းတိုင် မှုတ်တော့
မယ့် ပုံစံကဲ့သို့ ညင်သာစွာ ပြုလုပ်ပြီး ပါးစပ်ကနေ ရှူသွင်းလိုက်တဲ့ လေအားလုံးကုန်လောက်တဲ့ အထိ ဖြည်းညင်းစွာ ရှူထုတ်ပါ။ ( ရှူထုတ်ရန်
ကြာချိန် (4) စက္ကန့်ခန့်ကို 1 2 3 4 ရေတွက်ပါ။ )
Belly breathing or Diaphragmatic breathing
( ဗိုက်ပေါ်လက်တင်သော (သို့) ရင်ဝမ်းခြားကြွက်သား အသုံးပြုသော
အသက်ရှူနည်း )
1. လက်ကို ဗိုက်ပေါ်မှာ တင်ပြီး သက်တောင့်သက်သာ ထိုင်ပါ ( သို့ ) လဲလျောင်းပါ။ လက်ကို ဗိုက်ပေါ် တင်ထားတာကြောင့် လေဝင်လေထွက်ကို ကောင်းစွာ ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။
2. နှာခေါင်းကနေ လေရှူသွင်းပါ။
3. နှုတ်ခမ်းတွေကို လေချွန်တော့မယ့်ပုံစံ၊ ဖယောင်းတိုင် မှုတ်တော့မယ့် ပုံစံကဲ့သို့ ညင်သာစွာပြုလုပ်ပြီး ရှူထုတ်လိုက်ပါ။
ရှူသွင်း ( 2 ) sec နဲ့ ရှူထုတ် ( 4 ) sec ကြာချိန်ရှိရပါမယ်။
တစ်ခါလုပ်ရင် ( 5 ) မိနစ်ကနေ ( 10 ) မိနစ်အထိ လုပ်ပြီး အနားယူပါ။
ဒီ လေ့ကျင့်ခန်းတွေဟာ အသက်ရှူလမ်းကြောင်းကို ပိုကြာကြာပွင့်စေလို့ ပိတ်မိနေတဲ့လေ တွေ အပြင်ထွက်သွားတဲ့ အခါ ကျွန်တော် အဆုတ်လေး အောက်စီဂျင်တွေ ပိုရပြီး ကျန်းမာလာမှာ ဖြစ်ပါတယ်ဗျ။
ပန်းနာရင်ကြပ် နဲ့ နာတာရှည် ယောင်ယမ်းလို့ အဆုတ်ထဲ လေဝင်လေထွက် ပိတ်ဆို့ခြင်းခံရတဲ့ ရောဂါ သမားများဖြစ်ပါက မောတာ သက်သာတဲ့ အထိ လုပ်ပါ။ မသက်သာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အရေးပေါ်
ဖုန်းဆက်ခေါ်လို့ ရရင်ရ ၊ မရပါက မိမိကိုယ်ပိုင် အစီအစဥ်နဲ့ အမြန်ဆုံး သွားရောက်ကုသမှုခံယူသင့်ပါတယ်။
အဆိုပါ လေ့ကျင့်ခန်းများဟာ နေကောင်း ကျန်းမာနေစဥ်ထဲက ကျင့်သားရအောင် နေ့တိုင်း လေ့ကျင့်သင့်ပါတယ်။ မောဟိုက်လာလို့ တကယ်လုပ်ရမယ့် အချိန်ကျမှ စလုပ်ရင် ရောဂါကြောင့် စိတ်ကပူ၊ ကျင့်သားမရလို့ စိတ်ညစ်ဖြစ်ကာ အောင်မြင်ပြီးဆုံးအောင် ပြုလုပ်နိုင်မှာ မသေချာတော့ပါ။
ဒီလို အသက်ရှူ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးရင် ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရမှာလဲ?
- ကျွန်တော် အဆုတ်လေးကို ကျန်းမာသန်စွမ်းစေမယ်၊
- ကိုယ်ခံအားတွေ ကောင်းလာမယ်၊
- အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်အားကောင်း၊ စိတ်ဖိစီးမှုလျော့ကျလို့ ကောင်းကောင်း အိပ်ပျော်လာမယ်၊
- သွေးပေါင်ချိန်ထိန်းညှိပေးပြီး လေဖြတ်နှုန်းကျစေတယ်၊
- အစာမပြေ ရင်ပြည့်ရင်ကယ် ဖြစ်တာ၊ ဝမ်းချုပ်တာတွေသက်သာပြီး ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်၊
- ကိုယ်ခန္ဓာနဲ့ အရိုးအဆစ်တွေ သန်မာကြံ့ခိုင်မှုကို ပေးတယ်၊
- ဆဲလ်တွေ အောက်စီဂျင် ပြည့်ဝစွာ ရစေလို့ ကျန်းမာပြီး တောက်ပဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမယ် စတဲ့ အကျိုးကျေးဇူးတွေ အံမခန်း ရရှိစေမှာ ဖြစ်ပါတယ်။
ကဲ ကျွန်တော့်အတွက်သာမက လူကြီးမင်းတို့အတွက်ပါ ဘဝတစ်သက်တာ အဆုတ်လေး ကျန်းမာနေရအောင် အသက်ရှူလေ့ကျင့်ခန်းတွေ လိုက်လုပ်ဖို့ အဆင်သင့်ပဲလား ဆိုလား ပြောခဲ့ပါဦးဗျ။
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်